top of page
Search

DURIAN (ဒူးရင်းသီး)

  • Writer: MooN
    MooN
  • Mar 16, 2019
  • 1 min read

ဒူးရင်းသီးကိုတော့ အရှေ့တောင် အာရှ နိုင်ငံတွေမှာ အသီးတို့ရဲ့ဘုရင် "king of fruits" လို့ သတ်မှတ်ထားကြပါတယ်။ ကြိုက်နှစ်သက်သူတွေကတော့ အရမ်းချိုပီး မွှေးတဲ့အနံ့လေးလို့ သတ်မှတ်ကြပီး (ကိုယ် အပါအဝင်ပေါ့ 😅) မကြိုက်သူတွေ့ကတော့ အနံ့ဆိုးကြီးလို့ သတ်မှတ်ကြပါတယ်။ အနံ့ပြင်းလွန်းလို့ public transport တွေ အတော်များများမှာ တားမြစ်ထားတဲ့ တခုတည်းသော အသီး ဖြစ်ပါတယ်။



ဒူးရင်းသီးက "king of fruits" ဆိုတော့ "queen of fruits" ကတော့ အားလုံးသိကြတဲ့အတိုင်း ရဲဖော်ရဲဖက်ကြီး ဖြစ်တဲ့ မင်းဂွတ်သီးပါ။ ဒူရင်းသီးက အပူများတဲ့အသီးဖြစ်ပြီး မင်းဂွတ်သီးကတော့ အအေးသီးဖြစ်တာကြောင့် တွဲစားရင် အပူလျော့ချနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ သို့ပေမယ့် သိပ္ပံနည်းကျ ဘယ်သူမှ သက်သေပြထားခြင်း မရှိပါဘူး။ ဒါကြောင့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးဟာ ခူးဆွတ်ချိန် ရာသီတူတာကြောင့်သာ တွဲစားကြခြင်းဖြစ်မယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒူးရင်းသီးဟာ အရမ်းချိုတဲ့အရသာ မရှိသော်လဲ သကြားဓာတ် များစွာပါဝင်တာကြောင့် ဆီးချိုသမားများအနေနဲ့ ဆင်ခြင်စားသုံးသင့်ပါတယ်။ မင်းဂွတ်သီးနဲ့ တွဲစားမယ်ဆိုရင်တော့ ပိုတောင် သတိထားရမှာဖြစ်ပါတယ်။



ဒူးရင်းသီးဟာ အခြား အပူပိုင်းဒေသ သီးနှံများဖြစ်တဲ့ ငှက်ပျောသီး၊ ထောပတ်သီး နဲ့ ပိန္နဲသီးများ ကဲ့သို့ စွမ်းအင်များ၊ ဗီတာမင် နှင့် သတ္တုဓာတ်များ ကြွယ်ဝသော အသီးဖြစ်ပါတယ်။ ဒူးရင်းသီးဟာ vitamin B အုပ်စုများဖြစ်တဲ့ niacin(B3), riboflavin(B2), B5, B6, နဲ့ thiamin(B1) တို့ ပါဝင်သော အသီးဖြစ်တာကြောင့် ကုန်ဆုံးသွားသော vitamin B များကို ဒူးရင်းသီးစားခြင်းဖြင့် ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒူရင်းသီးမှာပါသော tryptophan ကဲ့သို့သော amino acid မှလည်း Serotonin (happiness hormone) ကို ထုတ်လွှတ်စေသောကြောင့် စိတ်ကျခြင်း(depression) မှ ကာကွယ်ပေးပါတယ်။



ဒူးရင်းသီး ပုံမှန် serving မှာ calories 350ကျော် ပါဝင်ပြီး အဆီဓာတ် 13g ပါဝင်ပါတယ်။ ကောင်းသောအဆီဓာတ်များဖြစ်လို့ စိတ်ပူစရာမလိုပေမယ့် အများကြီးစားမိရင်တော့ weight အင်မတန်တက်စေတဲ့ အသီးဖြစ်ပါတယ်။ ဒူရင်းသီး 1kg မှာ 1350 calories ရှိပါတယ်။ ဒါဟာ ပုံမှန်လူတယောက် အတွက် တရက်ပုံမှန်စားသုံးမှု 2000 calories ရဲ့ 68% ဖြစ်ပါတယ်။



ဒူးရင်းသီးဟာ Vitamin C ကြွယ်ဝစွာ ပါဝင်တာကြောင့် ရောဂါပိုး ဝင်ရောက်ခြင်းများကို ကာကွယ်ပေးခြင်း၊ လျှော့ချပေးခြင်း၊ အနာကျက် မြန်စေခြင်း၊ cholesterol လျော့ချမှုကို ကူညီပေးခြင်း နှင့် သွေးလည်ပတ်မှု ကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးများလည်း ရစေပါတယ်။

ဒူးရင်းသီးတွင် များစွာပါဝင်သော သံဓာတ်မှ သွေးနီဥထုတ်လုပ်မှုကိုလဲ ကူညီပေးပါတယ်။ Magnesium မှလည်း အရိုးနဲ့ အသားအရည် ကျန်းမာရေးကိုလဲ အထောက်အကူ ဖြစ်စေပါတယ်။ ဒူရင်းသီးဟာ Potassium မြင့်မားစွာ ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးယုံသာမက နှလုံးခုန်နှုန်း ကို ပုံမှန်ဖြစ်စေပါတယ်။



ဒူးရင်းသီးကတော့ ဝိတ်ချနေတဲ့သူတွေ ရှောင်ရမယ့်ထဲပါ ပါပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း ဒူရင်းသီး အင်မတန်ကြိုက်သူဆိုတော့ ကောင်းကွက်လေးတေ အပီရှာထားတာပါ😋။ စားတတ်လျှင်တော့ ဆေး မစားတတ်လျှင်တော့ ဘေး ဖြစ်စေမှာပါ။

အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN


 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page